Monday 16 July 2012

                            လယ်တောသူ

       ကျမ က လယ်တောသူလေးပါ....။
miss farmer ဝင်ပြိုင် ၊ ဆုရသွားတဲ့ လယ်တောသူ အယောင်ဆောင် ပေါကြောင်ကြောင် မဟုတ်ဘူးရှင့်။ ကျမက လယ်တောသူ မှလယ်တောသူ အစစ် ။မယုံရင် လာဖြစ်ကြည့်ပါလား။ကျမ ရဲ့လက်ချောင်းလေးတွေကို ပြောတာ ..။တခြားမတွေးနဲ့နော်။ သွား..လူဆိုး၊၊ ကျမ မှာ ရင်နစ်သည်းအူ..ချစ်သူရှိတယ်ရှင့်။ ပြောနေရင်း ဘယ်ရောက်သွားပါလိမ့်။
ကျမရဲ့ လက်ချောင်းလေးတွေ........
ဟုတ်တယ်။ခုမှသေချာကြည့်မိတယ်။ ပျိုးဖန်(ညာလက်မှပျိုးပင် အဆင်သင့်ယူစိုက်ဖို့ ဘယ်လက်ထဲမှ ပျိုးပင်ကို ၄င်းလက်မှ လက်ညှိုး၊လက်မ၊လက်ခလယ် တို့နှင့်ဖျင်ပေးခွဲထုတ်ခြင်း၊၊ ကိုယ့်ခေါင်းကဆံပင်မွေးကို ဆွဲစုပြီး စိတ်ရှည်လက်ရှည် မတတ်မချင်း ဦးရေပြား စပ်ဖျင်းဖျင်း ဖြစ်တဲ့ အထိ လက်တွေ့ လုပ်ကြည့်ပါ။)  တဲ့လက်က..သွေးစိမ်းရှင်ရှင်ထွက် လက်ဟက်တက်ကွဲ..ခုတော့ အသားမာလေးတွေ စွဲလို့ပေါ့ရှင်..။
ပျိုးပင်စိုက်တဲ့ကျမရဲ့ညာလက်..။လက်စွယ်ကငုတ် လက်သည်းတခြမ်းပုတ်လို့ ပြီးခဲ့တဲ့ရက်ကမှ ပြည်နံ့ကင်းသွားတာ ..ခု..ညှီ နံ့သင်းသင်းလေး တောင်ရှိသေး။ရော့နမ်းကြည့်ပါလား..။ဟင့်။
ခါးညောင်းလို့ လက်ဖျံနဲ့ထောက် ပေါင်လယ်လောက်မှာ အညိုအမဲ က စွဲတဲတဲ ဖြစ်နေတာ..။ကြည့်မလား လှန်ပြမယ်။နှာခေါင်းမရှုံ့ပါနဲ့ လက်ကာခြေကာမလုပ်ပါနဲ့။ကျမက စတာပါ။တချို့မင်းသမီးတွေလို အရှက်နဲ ဟက်တက်ခွဲမပြပါဘူး။(ထမီတို့စကတ်တို့ပြောတာ)ကျမက အရှက်ကြီးတဲ့ချက်ကြီးသမီးပါ။
ခြေသလုံးသားပေါ်လို့ တချို့ရသေ့တွေ ဈာန်လျှောတော်မူတယ်ဆိုတာ ဘယ်လို ခြေထောက်မျိုးပါလိမ့် ။သိချင်လိုက်တာရှင်..။ကျမခြေသလုံးတွေကတော့ ..ရွှံ့နဲ့ နပန်းလုံး တမန်းဆီတွေဖုံးလို့အမွှေးငုတ်တုတ်နဲ့ အိုးမဲသုတ် ထားသလိုဖြစ်နေတာ။
မိုးဟေကိုလိမ်းတဲ့ လိုးရှင်းမျိုး လည်းလိမ်းနိုင်ပေါင်။
ကောက်စိုက်သိမ်းလို့ ညနေ အိမ်ရောက်ရင်..မဲပြောင်နေတဲ့ခြေချောင်းရေလောင်း။သံပုရာရေစွတ် မန်ကျီးရွက်နဲ့ပွတ်တာပေါ့ရှင်။
ကျမရဲ့ တနေ့တာလား..။မနက် လေးနာရီသာသာလောက်အိပ်ရာထတယ်..။မင်းသမီးတွေလို လူကြားကောင်းအောင် ဘုရားရှိခိုး တရားထိုင်လုပ်တယ်လို့ ဘယ်တော့မှလိမ်မပြောဘူး။ လယ်ထဲကို ယူဖို့ရိက္ခာ စိတ်ပါလက်ပါ ထည့်ရတာပေါ့။အရင်တုန်းက လယ်ကြီးရှင်တွေ ဘောင်ကန်သင်း ဗန်းခင်းကျွေးတယ်။ကန်ဇွန်းရွက်ရေလုံပြုတ်လေး ဟင်းလုပ်ကျွေးသေးတယ်။ခုတော့နှစ်တွေကြာညောင်းစနစ်တွပြောင်းပြီး အစားမကျွေး စားရိတ်လွတ်ဈေး ပေးတယ်လေ။
မျက်နှာသစ်တယ်လေ..။
ဒီအတိုင်းရေနဲ့ခပ်ကြမ်းကြမ်းလေးပွတ် မျက်ချေးပြလွတ်ခနဲထွက်သွား ပြီးတာပဲ မဟုတ်လား။
သွားလည်းတိုက်တာပေါ့။လူများတောသူမှတ်လို့။အဲဒါမှ ..ကျွန်မကိုချစ်ရင် မောင်ကြီးရယ်..အာဘွား ပါလား လုပ်ရဲမှာပေါ့။
သနပ်ခါးလား..။ပါးရှိနေသရွေ့ သနပ်ခါး ဘယ်မေ့လို့ ဖြစ်ပါ့မလဲ။ကျမက အတုံးမှကြိုက်တာ။ အပွေးကုန်လို့ အနှစ်ကိုသွေးနေတာ..ကျောက်ပြင်သေးသေးလေး ခွက်ခွက်လေး ဖြစ်နေပြီ။
အင်္ကျီလက်ရှည်လေးတော့ ဝတ်ဦးမှပေါ့။ကောက်စိုက်ခါနီး မြို့မှာဗေထုပ်သွားရွေးထားတာလေ။ကျောကုန်းနဲ့ဂုတ်နေရာတွေက ဖြူပီး ပေါက်တော့မယ်။ပြန်မချုပ်တော့ပါဘူး လယ်ပီးရင် လက်နှီးစုတ် လုပ်လိုက်တော့မယ်။
ဒီခမောက်က ၂နှစ်ရှိပြီ။ကျမဝယ်တုန်းက ဈေးမှာ လေးရာပေးရတယ်။ခမောက်အောက်ကခေါင်းပေါင်း ခပ်စောင်းစောင်းလေး ပေါင်းမှ။မွန်းတည့်မှ ပြန်လှည့်မယ်။
ကောက်စိုက်ရင်းဝတ်နေတဲ့ လုံချည်အစုတ် မကြာခင် ခြေသုတ် လုပ်ရတော့မယ်။နှုတ်ခမ်းနားကရိ အထက်ဆင်တောင် မရှိတော့ဘူး။ဖားဥတွေကစွဲ ကျမ အတွင်းခံ အင်္ကျီမဲမဲလေး.....။အဲဒီအကြောင်းတော့ ကျမ မပြောတော့ဘူးနော် ပစ်သတ်ကြီး။
လုံချည်ပြင်ဝတ်ရ သက်သာအောင် ကျမ ခါးမှာကြိုးလေးဆောင်ထားရတယ်။ အဖေ့ပုဆိုးအောက်နားကိုစုတ် ပေါင်းညောင်ပတ် လုပ်ထားတဲ့ဟာလေ။
ငါးနာရီတောင်ထိုးတော့မယ်။ ထမင်းကြမ်းနဲ့ ငါးပိဖုတ် ခပ်သုတ်သုတ်လေး စားလိုက်ဦးမယ်။(လာ..စားပါဦးလား)
ဟော...ဟိုကောင်မတွေ အိမ်ရှေ့ကခေါ်နေပြီ။
“လာပြီဟေ့.....လာပြီ”....။

1 comment:

  1. သရုပ်မှန်စာရေးဆရာပါလား.... :))

    ReplyDelete