Tuesday 10 July 2012

ရေ.....ကြည် (ကြေ)

ရေ.....ကြည် (ကြေ)

သူငယ်တန်းတုန်းကပေါ့..။
ကျောင်းမှာ ရှူရှူးပေါက်ချင်ရင် လက်ညှိုးတစ်ချောင်းထောင်ရတယ်။ သတ္တိရှင် ဗန္ဒုလမျိုးရိုးက လက်ညှိုးလေးတောင်မထောင်ရဲလို့ ဘောင်းဘီထဲ သေးစိမ်းရှင်ရှင်ထွက်ကျပြီး အာဗြဲချက်လန်ငိုခဲ့ရဖူးတယ်။သေးထွက်ကျလောက်အောင်ကို အကြောက်ကြီးခဲ့တာ။ ဆရာမကလည်း လက်ထောင်တဲ့ သူတိုင်းကို ဝမ်းခေါင်းသံကြီးနဲ့ အင်း..အင်း..တဲ့။ အဲဒီ အင်း ကြီးကိုပဲ ကြောက်တာ။
ဘုရားရှိခိုးထဲမှာ ကြားဖူးလား။ အတန်းကြီးတွေက ရှေ့ကနေ သံရှည်လေးဆွဲပြီးတိုင်ပေး၊နောက်ကနေ အာခေါင်ခြစ်ပြီး လိုက်ဆိုရတာလေ။
တစ်ကြိမ်၊နှစ်ကြိမ် ဆိုတာကို ရေ..ကြည်(ကြေ) လို့ ကြားပြီး အဲဒီ အတိုင်းလိုက်ဆိုခဲ့တာ အမြှုပ်ကို ထွက်ရော..ပဲ။ တကယ်..။
အဲဒိနှစ်မှာပဲ အရေးခင်းဆိုလားဘာဆိုလား ဖြစ်ပြီး ကျောင်းပိတ်သွားတာပျော်လိုက်တဲ့ဖြစ်ခြင်း။
(ရေကြေ မလုပ်ရတော့လို့လေ။အဲဒီအချိန်တုန်းက ရေတွေတကယ်မကြေ ခဲ့ကြပါဘူး...တဲ့။)
နောက်ကျောင်းပြန်တက်ရတော့လည်း ထပ်ပိတ် ဦးမလားလို့ မျှော်လိုက်ရတာ ..အမော။
အလုပ်ထဲရောက်တော့..
တခါတလေ မရဲတရဲလေး လက်ညှိုးထောင်ကြည့် မိတယ်။
အင်း...အင်း...တဲ့။ ကြောက်လိုက်တာ...။
တခါတလေ လက်ညှိုးတို့ လက်ခလယ်တို့ မထောင်ရဲတဲ့ အခါ ..
ဘီယာအသောက်များရင်း Toilet ထဲ သေးစိမ်းတွေခဏခဏ ထွက်ကျဖြစ်သေးတယ်။
ငယ်ငယ်က အကျင့်ဆိုးက တယ်..ဖျောက်မရ..။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က..
ရွာကဘုန်းကြီးကျောင်းကို ရန်ကုန်ကလူတွေ အလှူလာလုပ်တယ်။ရန်ကုန်ကလူတွေဆိုတော့လည်း ဘောင်းဘီအတိုတွေ၊အရှည်တွေနဲ့ ရွ လို့။
ရွာကလူတွေမျက်စိနောက်ပေမယ့်လည်း အလှူရှင်တွဆိုတော့ မပြောရဲဘူး။ အလှူ့အမတွေကလည်း မျက်နှာထိမျက်နှာထားနဲ့ ဟိုလူ့ လက်ညှိုးထိုးခိုင်း ဒီလူ့လက်ညှိုးထိုးခိုင်းနဲ့။)
အလှူမှာ တရားနာခါနီးတော့ အကုန်လုံးပုဆိုးတွေပြောင်းဝတ်ကြတာများ ရွစိကို ထိုးလို့။ ဘောင်းဘီနဲ့ ထိုင်ရင် ဘောင်းဘီ ဖင်ကျွတ်ဖြစ်တယ်။ပြီးရင် အဓိက က ကြာကြာထိုင်လို့ အဆင်မြေ့ပဘူး။ အဲဒါကြောင့် ပုဆိုးပြောင်းဝတ်ကြတာ..။ဘုရားကန်တော့တဲ့ အခါကြတော့လည်း အလှူရှင်တွေဆိုတော့ သံရှည်လေးတွေဆွဲပြီး ကျယ်ကျယ်လေးဆိုကြတယ်။
ဒါပေမယ့် ကျွန်တော့်နားထဲမှတော့ ...ရေ...ကြည်(ကြေ) ဆိုတဲ့ အသံတွေ ကြားတုန်းပဲ။
ခုလည်း သံပြိုင်အော်သံတွေကြားမိရင် ရေ....ကြည်(ကြေ) များဖြစ်နေမလားလို့ နားစွင့်နေရတုန်းပါပဲ။
အမှန်တော့ တစ်ကြိမ်..နှစ်ကြိမ်..သုံးကြိမ်..ဟာကို..ဟာပဲ။

No comments:

Post a Comment