Tuesday 10 July 2012

မြန်မာသိကြား

မြန်မာသိကြား
သိကြားမင်း၏ မန္တုကပ္မလာမြကျောက်ဖျာသည် လွှတ်တော်ထဲမှ တချို့တချို့သော လူကြီးများ၏ မျက်ခွက်(အဲ)မျက်နှာကဲ့သို့ ခုရက်အတွင်း တော်တော်တင်းလျှက်ရှိ၏ ။ထို့ကြောင့် ထိုင်ရတာ အဆင်မပြေလို့လား၊ လူ့ပြည်အကြောင်း သိချင်လို့လား မသိ ..။မာတလိ ကို ဘုကြည့်ကြည့်ပြီး....“မာတလိ ရေ...အေ့...”သင်္ကြန်တုန်းက အရှိန် မပြေသေးဟန် နဲ့ မာတလိကို စားပွဲထိုးခေါ် ခေါ်လိုက်၏။ မာတလိလည်း သင်္ကြန်မှာ သိကြားမင်း record လုပ်ထားတဲ့ မင်းသမီး ပုံတွေကို ကြည့်နေရင်းက “ဘာလဲ” ဆိုတဲ့ သဘေနဲ့ မေးငေါ့ ပြ၏ ။ ဘိုးတော်သိကြားက အေသင်ချိုဆွေလို “တင်းတယ်..တင်းတယ်...တင်းတယ်..တင်းတယ်..ဟေ့”လို့ ထအော်တော့မှ မာတလိ အထာ ပေါက်ပြီး လူ့ပြည်ကို မျက်စိမှိတ်ပြီးကြည့်တော်မူလိုက်တယ်။
“အလို ...မြန်မာပြည်သားတွေ ဖယောင်းတိုင်ထွန်းတမ်း ကစားနေကြပါလား”။ သိကြားမင်းလည်း “ဟဲ့မာတလိ ၊ သေချာကြည့် နော်” ဆိုတော့မှ
“ဘိုးတော်သိကြား ..မြန်မာပြည်မှာ နေ့စဉ်ရက်ဆက် ၊ မီးတွေပျက်လို့ ၊ဖယောင်းတိုင် မီးပူဇော် ၊ဆန္ဒ ဖော်နေကြပါတယ်ဘုရား”။
“ဟေ.....အော်..အေး။အေး..။” “အရင်လိုပါပဲ......အရင်လိုဒိအတိုင်း.......”သီချင်းလေး တိုးတိုးညည်းရင်း ခေါင်းတစောင်းစောင်း၊လည်တခါခါ လုပ်နေတဲ့သိကြားကို မာတလိမြင်တော့တချို့အမတ်တွေလို မာကျောကျောလေသံနဲ့“230 ကေဗီ ရွှေလီဓါတ် အား သောင်းကျန်းသူများ မိုင်းခွဲသွားလို့ပါဘုရား” တဲ့။ သိကြားကတော့ “ဟေ...အော်..အေး..အေး။”
“မိန်းမသားလေးမို့ကြိတ်ခံစားပါတယ်....”မခိုင်ကြီး သီချင်းကို သဲ့သဲ့လေးဆိုရင်းက “ညာနေတာတွေသိရဲ့သားနဲ့ကွယ်...” ဆိုတဲ့စာသားရောက်တော့မှ ကျောက်ဖျာကြီးကို တဘုန်းဘုန်းထုပြီး အားမာန်အပြည့်နဲ့သီဆိုလိုက်၏။ မာတလိ လည်းအခြေနေကြည့်ပြီးတော့မှ...“ရထားပို့ဆောင်ရေး အစည်းဝေးမှာ ပြည်ထဲမှာ မီတာထိန်းသိမ်းခ တစ်ထောင်စုတဲ့ ပြည်တစ်ထောင်စုဝန်ကြီး ကတော့ ပြည်တွင်းမှာ မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင်မသုံးနိုင်လို့ ပိုတဲ့ဓါတ်အား ရောင်းစားလိုက်တာလား မသိပါ ဘုရား....။” ဆိုတော့...
တစုံတခုကို သတိရသွားဟန်ဖြင့် သိကြားမင်း၏မျက်နှာသည် မီးလောင်ခံရပြီး မီးသတ်ကား ရောက်တာနောက်ကျသွားသောအိမ်ရှင်၏မျက်နှာကဲ့သို့ ညှိုးငယ်သွားရှာလေသည်။
သုဇာတာဗျိုင်းမကို ငါးပါးသီလ စောင့်ခိုင်းမိလို့ အနိစ္စသဘောနဲ့ ကိစ္စချောခဲ့တာလေ...။ ဟိုဗျိုင်းမက သူ့မယား ။ပြီးတော့ ..တိရစ္ဆာန်...။
ခုဟာက..လူတွေကိစ္စ..။
ဗျိုင်းမွေးလောက်မှ မဖြူကဲ့ လူတွေ...။
“မေ့အပြစ်နဲ့ မေသာ ရှိပါစေတော့ မောင်ရေ.....” မာမာအေး သီချင်းလေးဆိုရင်း ကျောက်ဖျာထက်မှ ထ ..တိမ်တလင်း မှာပဲကျောချပြီး “ကဲ ..မာတလိရေ..ငါ့ကျောက်ဖျာလေး အေး သွားအောင်..ရေလေးသာလောင်းလိုက်ပါကွာ...” ။
“မှန်လှပါ အရှင်သိကြား ..ကျွန်တော်တို့ မြန်မာသိကြားပြည်မှာ ...မီးပျက်လို့ ရေမလာ......“
“တော်.တန်.တိတ်..။ မီးမှိတ် ..ငါအိပ် တော့မယ်။”
“သင့်မြတ်လှကြောင်းပါ...၊၊ခုထွန်းထားတာကလည်း အင်ဗာတာ ပါဘုရား....ဟား...ဟာ..ဟား...ဟ.ဟာ”......လို့ ။နတ်သံနှောကာ ပြောလိုက်ချင်တော့တယ်...။တဲ့။

No comments:

Post a Comment