Tuesday 27 November 2012

ပုလင်းထဲက အချစ်



ထည့်စမ်းကွာ..တစ်ခွက်
ငါ့စိတ်တွေကို..
အရက်တိုက်တော့မယ်..။
အား.........
ပူဆင်းသွားတာပဲ....။
လုပ်ပါဦး....ဟ
ရေတစ်ခွက်...
အမြည်းနဲနဲလောက်ဝါးမယ်..။
ငါ..မင်းကို..
ချစ်ချင်မိတယ်..။
မြိုသိပ်လိုက်တော့မယ်..။
အား......မွန်းကြပ်သွားတာပဲ..။
ထည့်ပါဦး..ဟ
နောက်တစ်ခွက်..
ရေလေးနဲနဲ..ရောပေးပါ..။

ကိုယ်ပိုင်ညည်းချင်း

ကိုယ်ပိုင်ညည်းချင်း

ကျောင်းနဲ့ ဆောင်..အသွားပြန်က..
သိပ်မချောင်ဘူး..။
တစ်ပတ်ကို..လေးထောင်ကုန်တယ်..။
နေ့လည်စာ..စားရင်ကန်တင်းဝင်တယ်..။
တခါတလေလောက်
ကာဖီချိုသောက်တယ်..။
မော်ဂျူးတစ်ခု ဖြေဖို့အရေး..
စာအုပ်ဖိုးကလည်း..ပေးရသေးတယ်..။

အီးစီခြောက်ယောက်..
ခဏခဏ ကောက်တဲ့ ပိုက်ဆံ..
ကျန်ကောင်းနဲ့ပဲကျန်တယ်..။
သူငယ်ချင်းတွေဆုံရင်..
ခေါင်းစဉ်အဖုံဖုံနဲ့..
ဖျောက်တောက်ဖျောက်တောက်
(ဟိုဒင်းလေးလည်း) နဲနဲ သောက်တယ်..။
စာမေးပွဲဖြေကာနီး..
စိတ်ဖိစီးလို့..
တစ်ည တစ်လုံးလောက်
အင်နာဗွန်စီကလည်း..သောက်ရသေးတယ်..။
ခြောက်လစာ စာချုပ်နဲ့ အိမ်ငှားလုပ်ရတာ..
ငုတ်တုတ်မေ့သွားလို့..ရတယ်..။
ဂျူတီကုတ်လက်တို..နဲ့
မျောက်အို တစ်ကောင်လို ..
အူကြောင်ကြောင်ရုပ်ပေါက်..
ခပ်ဂေါက်ဂေါက်..ရယ်...။

Wednesday 21 November 2012

နွားဖြစ်တော့မယ်

ပုံပြင်အစ...

ဟိုး....ရှေးရှေးတုန်းကလို့ပြောရမှာပေါ့..။တန်ခိုးရှင်တစ်ပါး မအားလပ်တဲ့ကြားက..။
လူ ၊ နွား ၊ မျောက် ၊ခွေး..ရွေးထားတဲ့ ကိုယ် စားလှယ်တွေနဲ့ လွှတ်တော် မှာဆွေးနွေးကြတယ်..။
သက်တမ်း ခွဲဝေရေး အဆို တင်သွင်းငြင်းခုံကြရင်းပေါ့..။
လူကို နှစ်(၃၀) ၊ နွားကို (၃၀) ၊ မျောက်ကို (၃၀) ၊ ခွေး ကို (၃၀) အသက် အညီအမျှ ပေးမယ်တဲ့..။
အသက်တွေကို ကိန်းဂဏန်းလုပ် ဘောပင်လေးတွေ ကိုယ်စီထုတ်လို့ပေါ့..။ရှေ့မှာချထားတဲ့ ပန်းခြင်းနဲ့စာအိပ်..မျက်စိကလေး အသာမှိတ်ပြီးကြည့်နေကြတယ်..။
R U OK? တကယ့်လွှတ်တော်ထဲမှာလို..ငြိမ်မနေကြနဲ့လေ..ဆိုတော့မှ..။
နားရွက်မလှုပ် အမြီးကုပ်နေရာက နွားကလေးတစ်ကောင် ဂျိုလေးထောင်ပြီး..
နွားတို့ရဲ့ကိုယ်စား ပြောကြားရမည်ဆိုလျှင်..အသက်သုံးဆယ် များလွန်းပါတယ် အရှင်..။
ထမ်း်ပိုးနဲ့လှည်းဘီးကြားလေးဘက်သွားလို့ ထယ် နဲ့ထွန်တုံး အားကုန်ရုန်းရင်း..ရွှေကြိမ်လုံးအောက် ပြားနေအောင်..ကြောက်ရပါတယ်..။
ထိုသို့ခိုင်းစား ကျွန်ုပ်တို့အား.. အသက် ၁၅ နှစ်လျှော့ဖြစ်အောင်လျှော့ပစ်ရပါ့မယ်..။
ထိုသို့ဆိုလျှင်တန်ခိုးရှင်သည် ဘယ်ကြည့်ညာကြည့်ယူမယ့်သူဘယ်သူရှိလဲပေါ့..။
မျောက်နဲ့ ခွေး တွေတွေ လေး ငေးနေတယ်..။
လူသားအမတ် မတ်တတ်ရပ်လို့ နွားရဲ့အသက် တစ်ဆယ့်ငါး ကျုပ်တို့လူသားယူသွားမယ်ဆိုပြီးတော့ ခေါင်းပေါင်းစလေး တရမ်းရမ်း..ဂိုက်ပေးကြမ်းကြမ်း နဲ့ပေါ့..။
နွားအသက် ၃၀ ထဲက ၁၅ နှစ်ကိုနှုတ် လူသားဆီကို ပေါင်း.."ဟ..ချလောင်း" ဖြစ်စေပေါ့..။
အတည်ပြုပေးလိုက်တယ်..။
ခေါင်းကလေး ကို ကုတ် သန်းတုတ်နေတဲ့ မျောက်တို့ရဲ့ကိုယ်စားလှယ်..မျာက်နှာငယ်နဲ့ထရပ် မိုက်နဲ့ ပါးစပ်ကပ်ပြီး..။"ပြေးလွှားခုန်ပေါက် သစ်ပင် အပေါ်အောက်...တစ်ပင်မကောင်းတစ်ပင်ပြောင်ရင်း...ဟိုဆွဲဒီဆွဲ လက်မြဲရလေအောင်..အသက်နဲနဲ လျှော့ပေးပါ..။ နွားနဲ့တန်းတူ ..လျှော့ယူမယ်ပေါ့..။
ဒါဆိုရင် "ကဲ..ဘယ်သူယူ .." ဆိုတော့..
လူသားအမတ် ဆတ်ခနဲ ထရပ်တယ်..။သူယူမယ်ပေါ့..။ဟိုကလည်း..အတည်ပြုတယ်ပေါ့..။
(ခုနေဆိုရင်...လူသက်၃၀ ကို နွားသက် ၁၅ ရယ်..မျောက်ဆီက ၁၅ ရယ်ပေါင်းရင် ..၆၀ ပြည့်လို့အနားယူ ဘဏ်မှာ ငုတ်တုတ် ပင်စင်ထုတ်ရတော့မယ့် အရွယ် ဘယ်ငယ်တော့ မှာလဲ)..
အဲဒီ အချိန်မှာ ခပ်ကြောင်ကြောင် နဲ့ ခွေးတစ်ကောင် ထဟောင်တယ်..(အဲလေ)ထ ပြောတယ်..။
နေ့နေ့ ညည စိတ်ချရစေဖို့ ..ဖြစ်သလို နေစား..အိမ်စောင့်ပေးထားရတာ..။ပျင်းစရာ..။နေ့နေ့ ညည ဟောင်ရပြီဆိုရင်..ကျယ်ကျယ် လောင်လောင် အသံအောင်ရပါတယ်..။
စူးစူးရှရှ အူပြရပါတယ်..။
အဲဒီအတွက် ကျုပ်တို့အသက်ကို..နွား နဲ့မျောက်ရဲ့အသက်အတ်ုင်း ၁၅ နှစ်ပျော့ပျော့ အသက်လျှော့ ရန် အစီအစဉ်..ပီပီပြင်ပြင် ရှိမရှိဆိုပြီး..ဘုကြည့်ကြည့်မေးလိုက်တယ်..။
ထိုသို့အကြည့်ခံရတဲ့ တန်ခိုးရှင် စိတ်ဆိုးချင်သလို ဖြစ်သွားတယ်..။
ဟိတ်ကောင်လူသား မင်းယူမလားဆိုတော့..
လူသားတို့ကိုယ်စားလှယ်ကလည်း ယူ.မယ်ဆိုတာချည်းပဲ..။
နွား နဲ့ခွေး မျောက် ကို  လွှတ်တော်ပြီးလို့ဘီယာသောက်ချင်လား..။အနှိပ်ခန်းသွားချင်လာ.း။ တစ်ခုခု စားသွားပါဦးလား..ဟု လောကွတ်ပြုရမယ်ဆိုပြီး တေးမှတ်ထားလိုက်တယ်..။
" ကဲ ..ကိစ္စ အားလုံးပြီးဆုံးလို့ ..တို့များလွှတ်တော် သိမ်းမယ်နော် " ဆိုပြီး..မေးကလေး ငေါ့..မျက်စိလေးထောင့်ကပ်ပြီး ရှေ့ခုံလေးကို လက်သီးဆုပ်ဖွဖွလေးနဲ့ ကနွဲ့ကလျ နဲ့ အင်းဟယ်ဆိုပြီး ထုလိုက်တယ်..။
ခု..ဒီအတိုင်းဆိုရင်..လူ့သက်တမ်း ၃၀ ရယ်..နွားဆီက ၁၅ မျေက်နဲ့ခွေး ပေးသွားတာက ၃၀ ထား စုစုပေါင်း ၇၅ ။
(၁) လူ့ရဲ့ကိုယ်ပိုင်သက်တမ်း ၃၀ သောက်မယ်စားမယ် ပျော်မယ် ပါးမယ်..။တင့်တင့်တို့ အရွယ်..ပေါ့..။
(၂) ၃၀ -၄၅ နွားဆီက သက်တမ်း..။ကဲရုန်းစမ်းဟ..။ရှေ့မှာ ထမ်း ပိုးနောက်မှာလှည်းဘီး..အပေါ်မှာလည်း..ကြိမ်လုံးကြီးနဲ့..။သား နဲ့မယားအတွက် အားကုန် ရုန်းတက်ရမှာပေါ့..။
(၃) ၄၅-၆၀ မျောက်ပေးတဲ့သက်တမ်း..သမီးနဲ့သားမွေးထားတဲ့ ကလေးတွေကို...ပြူးတုပြဲတဲ မူးလဲ တဲ့အထိ..ဟိုစွဲ ဒီစွဲ..ဆဲလည်းဆဲရ..မျောက်ထက်တောင်ကဲ ပြရတယ်လေ..။
(၄) ၆၀-၇၅ ခွေးကောင်ဆီက အချောင်ရထားတာ..။သားကအလုပ်သွား..။သမီး ကရုံးတက်..။မြေးတွေလည်းကျောင်းတက် အိမ်ကို သူခိုးမဖျက်အောင်..။အိမ်စောင့်ကြီးတဖြစ်လဲ..ခွေးငနဲကြီးကို..ဖြစ်လို့..။
ငါ့ရဲ့ အသက်....(၃၀)နားရောက်..လ လောက်ပဲလိုတော့တယ်..။
နွားဘဝနဲ့ မင်းရှေ့မှာ...."အား" ပြရဦးမှာလား..။


Tuesday 20 November 2012

ပျောက်ဆုံးခြင်း

အကျဥ်း ကျနေတဲ့
(ငါ့)
 နှလုံးသားကို...
အရောင်ဆိုး..
(မင်း)
ဝက်သားတုတ်ထိုးလုပ်မယ်..မကြံနဲ့..။
(ငါ့)
ရင်ဘတ်တံခါး...
တင်းတင်းလေးပိတ်ထားတယ်...။
အတင်းဝင်ဖို့စိတ်ကူး
(မင်း)
မရူးပါနဲ့...။
(ငါ့)
နှလုံးသားသော့ခလောက်..။
သော့တံပျောက်သွား...
အသစ်လုပ်မထားတော့တာကြာပေါ့...။

Sunday 18 November 2012

ရေခံမြေခံ

သစ်ပင်လေးတွေ...
ရှင်သန်ဖို့အရေးအောက်ခံ မြေဆီလွှာက အရေးကြီးတယ်..။
သင့်တင့်မျှတတဲ့ ရာသီဥတုနဲ့ဆို ရင်..မုန်တိုင်းတွေကိုလည်း အန်တု..ပြိုင် ..ရင်ဆိုင်နိုင်တာပေါ့။ပြုစုပျိုးထောင်မြက်ထွင်ခြံခတ်..လုပ်ရတဲ့သူ သိပ် စိတ် မပူရဘူးပေါ့..။
ပိုးမွှားကျရောက် အန္တရာယ်လောက်ကိုလည်း ..ပြန်လည် ခုခံ ..အပင်တွေက သန်ပြီးရင်း...သန်မှာပေါ့။
မြေဆီကောင်းကောင်းကိုစား..။မိုးရေလုံအောင်သောက်..နေရောင်ခြည်ရဲ့အောက်မှာ..ဝါးဝါးစွင့်စွင့် သူတို့ သီးကြပွင့်ကြတယ်လေ..။
အောင်မြင်တဲ့ အနှံ..အဖိုးတန်တဲ့..အဆန်။အရောင်မှန်တွေထွက်ကြတယ်..။
မြေဆီက..ခန်းခြောက်..နေရောင်ကမရ..မိုးရေက မဝရင်..အပင်လေးတွေရဲ့ဘဝက..သနားစရာ..။
ဥတု နဲ့မြေဆီ ညွှန် ဖြစ်နေတော့..မြေသြဇာ..ဘယ်လောက်ပဲ..ကျွေး..ကျွေး..။သဲ ထဲ သေးပေါက်..ခဏနေ ခြောက်သွားသလိုမျိုးပဲ..။
ပန်းပျိုးသူလက်...ပြတ်ထွက်သွားမယ်..။နဖူးက ချွေးပေါက်..ခြေမရောက်လို့..ခြေမက..ချွေး စက်..နဖူးပေါါ်ပြန်တက်သွားမယ်..။အပင်ကမသန်..မျိုးတောင် ကျန်မှာ..ဟုတ်ဖူး။
အဲဒီလိုပါပဲ...
တက္ကသိုလ်ကျောင်းသား
တိုင်းပြည်ရဲ့အိမ်ရှေ့မင်းသားလေးတွေ..။နိုင်ငံရဲ့ မျိုးစေ့လေးတွေ..။
မြေဆီမခင်း..ဥတုကလည်းဖျင်းတဲ့မြေတလင်းမှာခြံဝန်းမခတ် နယ်မြေကလည်း မကန့်သတ်..။ဒီနေရာမှာ ကျဲ ထားတယ် ဆိုတာတောင်..ဆိုင်းဘုတ်ကလေးတောင် ထောင်မထားဖူး..။
ကြက်တွေကစား..ဘဲတွေကထိုး..ဒွေးရောယှက်တင်..ပေါင်းပင်တွေရဲ့ကြား..အပင်လှီလှီလေးတွေပဲများမှာပေါ့..။
မျိုးစေ့ပိုင်ရှင်..စိတ်ကြီးဝင်ပြီး..တစ်နေ့ကြီးလာနိုးနဲ့မြေသြဇာဖိုးတွေနဲ့..နေလောင်နေတဲ့ ကျောတွေနဲ့ ..ဖတ်ဖတ်ကိုမောလို့..။
ထုံအီနေတဲ့ မြေဆီ..စံချိန်မီတဲ့ရာသီ နု့..မြက်ထွင်ခြံခတ်..ပေါင်းသတ်ထားတဲ့..မြေကွက်လေး မှာ နေရာပေးကြပါ..။

အပင်တွေသန်..မျိုးစေ့ကျန်ပြီး..တိုင်းပြည်ရဲ့အနာဂတ် ကိုယ့်တံဆိပ်ကို ကပ်ကြတာပေါ့..။
အာရုံထွေလီ..စုံကာစီနေတဲ့ မြို့ပြယဉ်ကျေးမှုတွေရဲ့ကြား...
ဘီယာနဲ့ဘောလုံး နပန်းလုံးကြ။
အရက်နဲ့ဖွန်..ကွမ်းဆေးလိပ်တို့ရဲ့ ကျေးကျွန်တွေဖြစ်လို့..။
အချိန်တန်ရင်နွားပိန်..နဝ...အကုန်အကန်ခံရတဲ့ဘဝတွေ..။ကမ္ဘာကျော်ဖို့..အတွေးအကြံ...ဒီလိုရေခံမြေခံမျိုး
နဲ့သာဆက်သွားနေမယ်ဆိုရင်..။
ဒေါင်းတွေအလယ်က..ကျီးသူငယ်လို..ကိုယ့်အမွေးအရောင်..မဲပြောင်ပြောင်လေးကိုပဲ..ဂုဏ်ယူမဆုံး..
တပြုံးပြုံးနဲ့ပေါ့..။

Saturday 17 November 2012

အိပ်ပျက်ည

အိပ်ပျက်ည

အိပ်သွားမျက်စိ..
မှိတ်ထားမိလည်း..
အတွေးနယ်ထဲ..တလည် ဝဲ..ဝဲ..။
အိပ်မက်ထဲမှာ..အမြဲပါခဲ့..။
ရင်ထဲအသည်း..
သံမှိုစွဲသလို..
နှုတ်လည်းမရ..တသသနှင့်..။
အသွေးအသား..စတေးထားသလို
နေ့နေ့..ညည
မေ့မရ..။
အော်..ပိုက်ဆံကုန်တဲ့ အကြောင်းတွေ...။

အိပ်မက်

"အိပ်မက်"

စည်းတွေကခြား..
(ကြားမှာလည်း)
အစီးအတားတွေ..နဲ့။
လျှောက်လက်စလမ်း..
ကျမ်း..ထုပ်ကြီးလည်း..
ထမ်းလို့...။
တာဝန်နဲ့..ကျင့်ဝတ်တွေရဲ့ ..
ကြား....။
ငါ..
လမ်းတွေလည်း..မှားလို့..။
စိတ်ရဲ့..ထွက်ပေါက်ကနေ..
မရဲတရဲ...လျှောက်..
မင်းရှေ့ကို..ဘယ်လို..ရောက်သွားတာလဲ..။
(ငါ့မှာ)
ဂေါက်တောက်တောက်ကို..ဖြစ်လို့..။
အထိန်းအကွပ်မဲ့နေတဲ့...နှလုံးသား..
ငါ့..ဦးနှောက်တွေလည်း...ဖျား...လို့..။
အချစ်တု..နဲ့
အပြစ်တစ်ခု...ကျူးလွန်မိတော့မလို့..။
(ဟူး....တော်ပါသေးရဲ့)
အချိန်မီလန့် နိုး..
အိပ်မက်ဆိုး..က
ထ..အထိုင်..
ငါ...
ဂယိမ်းဂယိုင်..ကို..ဖြစ်လို့..။

Wednesday 14 November 2012

တကယ်ပစ်တာလား

" တကယ်ပစ်တာလား"

ပုံပြင်လို့ပဲ ထင်ထင်..ပုဂံရာဇဝင်ထဲက......
ကျန်စစ်သားဦးဆောင်တဲ့ စစ်သူကြီးလေးယောက် ..ပဲခူးကိုရောက်ခဲ့တယ်..။
ပဲခူးဘုရင် စစ်အောင်မြင်လို့ ..ကျေးဇူးတော်ရှင်အနော်ရထာ ဘုရင်ကို..Black Label ထည့်ထားတဲ့ပန်းခြင်း ၊ရံချွေတော်တစ်သင်း နဲ့ သမီးတော်ကို စိန်တစ်စင်စာကွပ်၊ စလင်းဘက်အိပ်ထဲ ရွှေငွေ အပြည့်သွတ်ပြီး ပဲခူးနဲ့ ပုဂံ ရွှေလမ်းခင်းကာ ငွေလမ်းဖောက်ဖို့ အရေး သမီးတော် မဏိစန္ဒာကို ပါပေးလိုက်တော်မူတယ်..။
မဏိစန္ဒာ နဲ့ ကျန်စစ်လမ်းမှာ ဘာတွေဖြစ်ခဲ့ကြလဲ..။ပဲခူး မှ ပုဂံ အပြန်မှာပေါ့..။
မိုးတွင်းအခါသမယ ဗွက်တွေထလို့ လမ်းမှာလေးလလောက် ကြာခဲ့တယ် ဆိုပဲ..။အရိန္ဒမာလှံရှင် ကျန်စစ်ကိုမြင်ကတည်းက စံစံ ရင်ထဲ နတ်ပွဲကနေတာ..။လမ်းခရီးတစ်လျှောက် နားတဲ့အချိန်ရောက်ရင်..စံစံ ဖင်ခုထိုင်ဖို့အရေး အရိန္ဒမာ လှံကိုထုတ် ဒန်းကလေးလုပ်ပေးလာတာ..။လှံကလေးတောင် ကောက်ယောင်ယောင်ဖြစ်လာပြီ..။
ကိုကြီးကျန်နဲ့ ညီမလေးမဏိ လမ်းမှာငြိကြပြီလေ..။
အရှင့်ရဲ့ဘဏ္ဍာ သူ့ဥစ္စာကြီးပါလားလို့ တွေးမိတိုင်း မျက်ရည်ဝိုင်းကာ ငုတ်တုတ်ထိုင် ငိုင်မှိုင်နေမိတာကလည်း..လှံပေါ်မှာပဲ..။
ဒီလောင်အထိုင်များတဲ့ လှံ မကောက်ပဲ ခံနိုင်ပါ့မလား..။
အဲဒီလိုနဲ့ ..ပုဂံ ကိုပြန်ရောက်ပြီ..။
ကျန်ကြီးလည်း တိုင်ပင်ကိုကပ် ကြိုးတွေနဲ့ အပတ်ခံရပြီ..။သူတို့မရာက်ခင်လမ်းမှတင်ပဲ..အနော်ရထာဘုရင့်ထံမှောက်Massage ကရောက်နေပြီ..။
ကြိုးတုပ်ခံထားရတဲ့ ကျန်စစ်သားရဲ့ ရှေ့မှာတိုင်ပျောက်နေတဲ့  ..ဖုန်းထဲက Massage အံကြိတ်ပြီးဖတ်တော်မူလိုက်တယ်..။
"အရှင့် ဘဏ္ဍာထုပ် ..ဟိုကောင်ခြေမနဲ့ ကုတ်နေပြီ.."တဲ့..။
ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်ရင်း အသက်ရှူသံတွေပြင်းလာတော်မူ၏။
အရိန္ဒမာလှံနားရောက်..တောက်တစ်ချက်ခေါက်လို့လှံ ရိုးပေါ်လက်တင်.."အင်" ..ဆိုပြီးပစ်တော်မူလိုက်၏။
ကိုယ့်လက်ကိုယုံကြည်ပြီးသားမို့ လှည်ပင်ကြည့်တော်မမူ..။
ခုလောက်ဆို နှလုံးသားကိုဖောက်..အသက်ပျောက်ရောပေါ့..။ခြေသံကြားလို့ လှည့်ကြည့်တော့မှ..အဖျားကောက်နေတဲ့လှံ..နှလုံးနေရာကိုလျှံပြီး..ကြိုးကိုမှန်သွားပါရော့လား..။
မုန်းလို့ ပဲပစ်..ပစ်။ ချစ်ချစ်လို့ ပဲ ချော်ချော်..။မတော်လို့ အမှန်ခံရရင်..တြိဘုဝနာဒိကြဓမ္မရာဇာ ဖြစ်လာမှာမဟုတ်ဖူး..။ဟိုဘုရင်ကလည်း ဆပ်ကပ်ထဲဝင်ထားတာမှ ဟုတ်ပဲ..။
အဲဒီလိုပဲ ဘဝကိုယ်စီတွေမှာ လှံ နဲ့ အပစ်ခံရပြီဆိုရင်..။တပါးသူချိန်ရွယ်တာက နှလုံးသာရဲ့ အလယ်ဗဟို..။ကြိုးကိုပစ်မယ်ဆိုလည်း ကြိုပြောမှပေါ့..။ကိုယ့်မှာ ခံရတာက....မလန့်သာ..မထိတ်သာ...။

Wednesday 7 November 2012

အရေးပေါ်

 တူနှစ်ဖြာရွှေဂဟေ တို့လို့...
ဘိသိက်ခံမင်္ဂလာပွဲ ဆင်နွှဲလိုက်ကြတာ..။
ညရောက်တော့မှ......
မင်္ဂလာသတို့သမီးက ဗိုက်မကြီးချင်သေးလို့...
ကလေးမရဖို့အရေး...တားဆေးလေး ထိုးပေးပါ..တဲ့.။

"ချစ်..လက်ထပ်ချင်ပြီကွာ".....။ရွှန်းရွှန်းစားစားကြည့်ကာ..မီးငယ်ပါးလေး အာဘွားပေးရင်း ပြောလိုက်တဲ့ကောင်လေးရဲ့ စကားသံ တိုးတိုးညှင်းညှင်းလေး..။
မီးငယ်ရဲ့ ခြေဖျားလက်ဖျားအေးသွားတယ်...။တဆတ်ဆတ်တုန်နေတဲ့ မီးငယ်ရဲ့ နှုတ်ခမ်းတစ်စုံ..။နှင်းဆီငုံလေး..။
ဝင်သက်ထွက်သက်ကို..မောဟိုက်စွာရှူရှိုက်ရင်း..မီးငယ်ရဲ့ရင်ခုန်သံဗြောင်းဆန်နေရပြီ..။ကတုန်ကယင်ပြောလိုက်တဲ့
တဲ့ကောင်လေးရဲ့စကားသံက.."အတူနေချင်ပြီကွာ.."
"အို..."
နှင်းဆီရောင်နှုတ်ခမ်းလေးဝိုင်းသွားတယ်။ကောင်လေးကို မဝံ့မရဲမော့ကြည့်တယ်။ကောင်လေးရဲ့မျက်ဝန်းတွေက မီးငယ်ကမ္ဘာထဲက အပြာရောင်ကောင်းကင်ကြီးပါဘဲ..။မိုးတိမ်တွေနဲ့နှစ်ယောက်အတူ ဝဲလိုက် ပျံလိုက်..။
လေပြေညှင်းလေးတွေ မုန်တိုင်းမကျဘဲ ဖြတ်ခနဲတိုက်သွားတယ်။ ဝေးသွားမှာဆိုးလို့ နှစ်ယောက်သား တိုးဖက်ထားလိုက် ကြလေသတည်း..။

လင်တော်မောင်နဲ့ ခွဲခွါ နေရတာ..တစ်လတောင် ကျော်ပြီ..။သူမရှိတဲ့ ရက်တွေမို့..ဆေးမသောက်ပဲဖြတ်ထားလိုက်တာ...ကလေးမယူချင်သေး...။ရင်လေးလိုက်တာ...ခုည..မောင်ပြန်
ရောက်မယ်တဲ့..။

အရက်တန်ခိုးနဲ့ ပေါင်းစပ်..ရမ္မက်ခိုးကပ်နေတဲ့ တုတ်ကြီး ...။
သေးမျှင်ရဲ့ အခန်းထဲ..။အိမ်မှာ ဘယ်သူမှ မရှိတုန်း..မင်းတုန်းဖြုတ်..လက်ထဲမှာလည်း ဓါး မည်းမည်းကြီးနဲ့..။
သေးမျှင်.ဘဝ..ရေတိမ်တွင်းထဲ ကျရပြီပေါ့..။

အဲဒီလို ....
အခြေအနေ အမျိုးမျိုး အရေးပေါ် တိုးခဲ့ရင်....။
ချက်ဖော်အိပ်တိုင်း သိကြားမင်း လက်ညှိုးတော်နဲ့ ဝိုင်းလိုက်သလို..။မလိုချင်ပဲ..ရေဖျင်းမဆွဲရအောင်(ကိုယ်ဝန်မရ..ရလေအောင်)..
အရေးပေါ်သန္ဒေတားဆေး သောက်ပေးရမှာပေါ့..။
Emergency Pill  အကြောင်း တစေ့တစောင်းလေးသိစေဖို့အရေး ပြောပြပေးပါရစေ..။
သူ့နာမည်လေး ဈေးကွက်မှာ ပေးထားတာ..ပိုစတီနာ (သို့)ပိုစတီနော..ကြိုက်သလို သာပြော..။
အီးစီးတူးလည်း ခေါ်သေးတယ်။ chemical name က Levonorgestrel တဲ့။
နှစ်လုံးထဲပါတဲ့ ဆေးကပ်ကို ဗူးထဲမှာသပ်သပ်ရပ်ရပ်ထည့်ထားတယ်။ဆေးနှစ်လုံးအရွယ်အစားက ပင်အပ်ထိပ်ဖျား သာသာရယ်..။
ချစ်မှုရေးရာ sex ကိစ္စပြီးသောအခါ..
(၇၂)နာရီ အတွင်း..မကျော်မချင်းသောက်လို့ရတယ်..။ပြီး..ပြီးချင်းသောက်ထား...အောင်မြင်မှုပိုများတာပေါ့။
ဆေးတစ်လုံးနဲ့ တစ်လုံးကြား (၁၂)နာရီ ခြားရမယ်..။
ဒါပေမယ့်လည်း (၇၂) နာရီ မကျောဘဲသောက်ရမယ်..။
အဲဒီအခါကျရင်..နှစ်လုံးစလုံးတပြိုင်တည်း ..ဟိုင်း..ဆိုပြီးသောက်ရင်လည်းရတယ်..။

ဘာဆေးပဲဖြစ်ဖြစ်..အကျိုးနဲ့ အပြစ်ဆိုတာရှိနေမြဲပါ..။
မဒီတို့ရဲ့..menstral cycle ရက်ကျော်တတ်တယ်..။
ဖွားဖက်တော်ရေတံခါးက..သွေးတစနှစ ဆင်းကျလာတတ်တယ်..။ဝမ်းဗိုက်ရဲ့အောက်ပိုင်းနားလေး..ဖြည်းဖြည်း နာတတ်တယ်။
(၂)နာရီအတွင်းပြန်အံရင်..ပြန်သောက်လိုက်ပါ..။

အရေးပေါ်သုံးတဲ့ ဆေးဆိုတော့ အမြဲတမ်းသောက်နေလို့လဲမဖြစ်သေးဘူးပေါ့..။
ပုံမှန်သုံးရမယ့် တားဆေး ကြိုက်တာရွေး..စနစ်တကျသောက်ပေးထိုးပေးလေ..။
သားအိမ်မျက်ရည်လေး ရာသီသွေးဆင်းလာပေးပြီးရင်..
၅-၇ ရက်အတွင်းမဆိုင်းမတွ..ပြေး..ထိုးပေးကြပါလေကုန်သတည်း.................။

Monday 5 November 2012

ရွေးချယ်လိုက်ပါကလေးရယ်

"ကျန်းမာရေးစောင့်ရှောက်မှု" လို့ ပြောလိုက်ရင်...
လူတိုင်းလိုလို..တွေးထင်ပြေးမြင်မိကြတာက..ဆေးတရွှတ်ရွှတ်ထိုးနေကြတဲ့ဆရာ၊ဆရာမတွေ..။မြို့ပြနဲ့ကျေးလက်
တောနေဇနပုဒ် အပ်ပုန်းထုတ်ပြီး ရမ်းကုလုပ်နေတဲ့သူကအစ..။
ကျေးလက်ဆေးခန်း နားကြပ်တရမ်းရမ်းနဲ့ ဆရာ၊ဆရာမတွေ..၊MBBS ဆိုင်းဘုတ် ကြက်ခြေခတ်လေးလုပ်ပြီး GP ခုတ်နေကြတဲ့ ဆရာဝန်တွေအလယ်..။
MBBS A to Z သမားတော်ကြီးတွေထိုင်တဲ့ ဟော်တယ်နီးနီး ဆေးရုံကြီးတွေအဆုံး..။
ဆေးကုန်နေတဲ့ (အဲလေ)ဆေးကုနေတဲ့ ပြည်သူ့ဆေးရုံတွေကလွဲပြီး..ကျန်တာမသိချင်..ဟင့်အင်..ဟင့်အင် တွေချည်းက အများသားကလား..။
အဲဒီလူတွေနဲ့ အဆောက်အဦးတွေရှိနေသမျှနဲ့ ကျန်းမာရေးက စိတ်ချရပြီလို့ ထင်ရမှာပေါ့..။
ဒိတ်ဒိတ်ကြဲ ဆေးရုံဆေးခန်းတွေမှာ..ငွေအိပ်ကြီးတွေချ ရောဂါပြ နေသူတွေထဲမှာ...ကျန်းမာနေတဲ့သူ ဘယ်သူပါပါ့။အားလုံးက ဖုတ်လိုက်ဖုတ်လိုက်..မဟုတ်တောင်မှ နေစေ့လစေ့ရောဂါနဲ့ဟေ့..ဆိုတဲ့သူချည်း။မကျန်းမာတဲ့သူတွေချည်း
စောင့်ရှောက်ပေးနေတာဆိုတော့ မကျန်းမာရေးစောင့်ရှောက်မှုလို့ တောင်ခေါ်ရင်ရမှာပေါ့..။
ကျန်းမာနေတဲ့လူတွေနဲ့မကျန်းမာတဲ့လူတွေကိုစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာကရော...
ကျန်းမာရေးစောင့်ရှောက်မှုလေးမျိုးရှိပါတယ်..။
- Promotive services
တင်းပြည့်ကျပ်ပြည့်မကျန်းမာရင်တောင် ဒေါင်ဒေါင်မြည်လို့ဆိုနိုင်တဲ့ ကျန်းမာရေးကောင်းနေတဲ့သူတွေကို အကွေးအဆန့်သွေးမလန့်အောင်၊အထိုင်အထ ငိုင်မကျအောင်၊အစားအသောက်ပါဝါ အမြဲတမ်း charging လာနေအောင်။ဗဟုသတ အသိပညာ၊ခံယူချက်တွေနဲ့ ကျန်းမာစေကြောင်း နည်းလမ်းကောင်းများပေးသော ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်း။
ကျန်းမာရေးပညာပေးတယ်ပေါ့..။ဥပမာ ဗျာ.. ခြင်ထီး နဲ့ခြင်မ အာဝါဟပြီး ..ဥ..ဥ ဖို့အရေး သွေးစုပ်ပေးရတယ်။နေ့ဘက်ကိုက်တဲ့ Ades ခြင်မလေး ကြောင့် ခင်ဗျားတို့ ကလေး သွေးလွန်တုတ်ကွေးဖြစ်တတ်ပါတယ်.။ စသည်မှ အစ ။ကာကွယ်နည်းလမ်း အဆုံး..။ပြောပြဦးမှာ.. အဲဒီလို ပြောလိုက်လို့ ခင်ဗျားတို့ ကလေးရောဂါဘေးကလွတ်..ဗျွတ် ဖြစ်တော့မယ်..။ငွေထုပ်ကြီးဖက် ဆေးရုံ မတက်ရတော့ဘူး။အဲဒီအတွက်ပဲဝက်အသပြာလေး စာအိတ်လေးနဲ့ ထည့်ပေးပါလား ညင်..။လို့ပြောကြည့်ပါလား။ ပါးစပ်လေးလှုပ် အာလူးဖုတ်တာလောက်နဲ့ အတောင်းအရမ်း ကလည်း ချဲဖမ်း တဲ့ ရဲ လိုပါလား..။( အေးလေ..တောင်းလို့ မရတော့လည်း GP လေးလုပ် ခွက်စောင်းခုတ်ကြတာပေါ့)
- Preventive services
ခုနေ ရောဂါ မဖြစ်ပေမယ့် နောင်ဖြစ်လာမယ့်ရောဂါ ဘေး များနေသေးတဲ့ အခွင့်အရေးရှိတဲ့သူတွေကို ကာကွယ်ဆေးထိုးပေးပါရစေနော်..(ရှတွတ်)။အိမ်သာလေးဆောက်ကြပါနော်..။ရေတွင်းလေးဆေးခပ်ပေးမယ်နော်..။
ကာကွယ်ဆေးထိုးလို့ ရောဂါ ဘယ်နှစ်မျိုး ကာကွယ်ပြီးသား ဖြစ်သွားပြီ..။အိမ်သာဆောက်လို့ ဘာရောဂါတွေ မဖြစ်တော့ဘူး။ရေတွင်းဆေးခပ်လို့ ဘာရောဂါတွေ မပြန့်ပွါးတော့ဘူး။အဲဒီအတွက် နားကပ်ပေါင် နွားရောင်း ဖင်ဖူးထောင်းထောင် စာအိပ်ကလေးတွေပြ ဦးမချရတော့ဘူး..။အဲဒီအတွက်ဆိုပြီး မှင်ကောင်းကောင်းနဲ့ပိုက်ဆံတောင်းကြည့်ပါလား။။
- Rehabilitative services
နာတာရှည် နာတာတို နှိပ်စက်တာကြောင့် ရူပါ ချူခြာနေတဲ့လူနာတွေကို လူရာဝင်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းပေါ့။ကိုယ်ထိုက်နဲ့ကိုယ့်ကံ ကိုယ်သာခံမယ်ဆိုတဲ့သူရယ်..
လုပ်မပေးလည်းနေပါ..ရတယ်..ရပါတယ်..ဆိုတဲ့လူတွေက အများဆုံးရယ်..။
အဲဒီလုပ်ငန်း သုံး ခု ကတော့ လိုချင်ချင် မချင် ဟင့်အင်...ဟင့်အင်...ဆိုလည်း ဇွတ်ပေးရတာ...။ တကယ့်ကို ဇွတ်...။
- Curative services
ခင်ဗျား အစာအိမ်ပေါက်သွားပြီ ..။ခုချက်ခြင်းခွဲရမယ်..။အကုန်အကျ ကတော့ သုံည နဲနဲများမယ်..။
ပိုက်ဆံရှိရှိမရှိရှိ လူတိုင်းအသက်ရှင်ချင်ကြတာပဲ။ခွဲချင်ကြမှာပဲ။လိုလိုချင်ချင်ကို အကုခံချင်ကြတာ။
အိမ်ပြန်ရောက်မှ ရောင်းတန်ရောင်း ၊ပေါင် သင့်ပေါင်။အရပ်ကူပါ။အလှူခံပေးကြပါပေါ့။
ခွဲစိတ်မှုအောင်မြင်သွားပြီ..။ပိုက်ဆံလည်းပေးရသေး..။ဟိုစကားလည်းပြောရသေး။ဘာတဲ့...."ဆရာရယ်..ဆရာ
ပေးတဲ့အသက်ပဲ..ရှိပါတော့တယ်"..ဆိုတာလေ..။
ကိုင်း ဘယ်လောက်ကောင်းလိုက်သလဲ..အဲဒိလို လုပ်ငန်းမျိုးကြတော့ အမြတ်များတော့အပြတ်သားနားတဲ့ private ဆေးရုံကြီးတွေဆောက်ကြတာ..ဆန်းလို့။
ကုသိုလ်လည်းရ ဗိုက်လည်းတင်း  တအင်းအင်း တောင်ဖြစ်နေဦးမယ်။
ကျန်းမာရေးစောင့်ရှောက်မှုကို ဘုစုခရုမကျန် ..ကျိုးကန်းအိုနာ..သေတော့မှာပါ ဆိုတဲ့ လူတွေအထိ..စောင့်ရှောက်မှုပေးရတော့မှာပေါ့..။ယူဖို့လက်နှေးကြပေမယ့် လူတိုင်းကိုပေး ရမယ်ဆိုရင်..ဘယ်ဈေးနဲ့ပေးမလဲ...။
အားလုံးအတတ်နိုင်ဆုံးကတော့..သုံည တစ်လုံး ပါဘဲ..။
ကြက်ကလေးရေသောက်သေးပေါက်တာကို စောင့်ကြည့်..။ကျောက်ခဲလေး ရေထဲကျ ပလုံခနဲ မြည်သံ ကြားရဦးမယ်..။အဲဒီလောက်အမြတ် များမယ့် အလုပ် ဘယ်သူမှမလုပ်..လုပ်..။အစိုးရက လုပ်ရပြီပေါ့..။
အစိုးရရဲ့ ဘတ်ဂျက်ကျန်းမာရေးအတွက်ဆိုပြီး.....။

ပူစာလွန်းတဲ့ ကလေး သူ့မိဘက မေးမှာ ပေါ့..။
(ကစားစရာ)သေနတ်ဝယ်မလား..။ (သောက်စရာ) ဆေးဝယ်မလား..။
ကဲရွေးလိုက်စမ်းပါ ..ကလေးရယ်...။